မိမိသည် စနေနေ့တိုင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ ယောဂစင်တာတစ်ခုမှာ ၀ိပဿနာတရားကို သွားပြပေးရသည်။ ယောဂီက ’ယခုအခါ ဤရုရှားနိုင်ငံမှာ ယောဂကျင့်စဉ်သည် လူကြိုက်များထင်ရှားသော ကျင့်စဉ်တစ်ခုဖြစ်ပါသည်။ ၀ိပဿနာကျင့်စဉ်နှင့် ယောဂကျင့်စဉ် ဘယ်လို ကွာခြားပါသလဲ? တဲ့။ ဒီလို မျှော်လင့်မထားတဲ့ မေးခွန်းတွေ တော်တော်များများတွေ့ရတတ်ပါတယ်။ ၄င်းမေးခွန်းကို မိမိနားလည်သလို ဖြေရရင် မြတ်ဗုဒ္ဓ၏ ၀ိပဿနာကျင့်စဉ်ကို ယောဂကျင့်စဉ်နှင့် မနှိုင်းယှဉ်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။ မိမိသည် ယောဂဆရာတစ်ဦးမဟုတ်တဲ့အတွက် ယောဂကျင့်စဉ်အကြောင်းကို ကောင်းကောင်းမွန်မွန် မသိပါ။ သို့သော် မိမိသိသလောက်တော့ ၀ိပဿနာကျင့်စဉ်နှင့်ယောဂကျင့်စဉ်ဟာ ကျင့်ပုံခြင်းမတူသလို ရည်မှန်းချက်ခြင်းလဲ မတူပါဘူး။ ရရှိလာတဲ့ အကျိုးရလာဒ်ခြင်းအားဖြင့်လဲ မတူပါဘူး။ ၀ိပဿနာတရား အားထုတ်ခြင်းကို ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်နေခြင်းမဟုတ်၊ အသက်ရှုလေ့ကျင့်နေသော ကျန်းမာရေးလေ့ကျင့်ခန်းမဟုတ်ဟု နားလည်ပါ။ ၀ိပဿနာတရားအားထုတ်တယ်ဆိုတာ သေသေချာချာ သိအောင်လို့ မိမိရဲ့ ခန္ဓာအစဉ်တွင် သတိတင်ပြီး ရှုမှတ်နေခြင်းသာဖြစ်ပါတယ်။ သတိပဋ္ဌာန်အကျင့်ကို ကျင့်နေခြင်းသာဖြစ်ပါတယ်။ သတိဖြင့်ရှုမှတ်နေဖို့၊ သတိပဋ္ဌာန်ဖြစ်ဖို့သာအရေးကြီးပါတယ်။
ဝိပဿနာတရားကို အားမထုတ်ခင်မှာ ကိုယ်ကျင့်သီလကို ဖြူစင်အောင် စောင့်ထိန်းရပါမယ်။ အဲ့ဒီ ကိုယ်ကျင့်သီလဟာ လူ့သီလ၊ ရှင်သာမဏေသီလ၊ ရဟန်းသီလစသည် အဆင့်ဆင့် ကွဲပြားပါတယ်။ ဒီနေရာမှာ လူတို့လိုက်နာကျင့်သုံးရမည့် လူ့သီလကိုပဲ ပြောရအောင်။ ယင်းလူ့သီလဟာ ငါးပါး၊ ရှစ်ပါး၊ ကိုးပါးရယ်လို့ ခွဲခြားနိုင်ပါတယ်။ ကိုယ်ကျင့်သီလဖြူစင်ဖို့ရာ အနည်းဆုံးတော့ ငါးပါးသီလကို စောင့်သုံးရပါမယ်။ သီလရှိမှ စိတ်တည်ငြိမ်မှု သမာဓိဖြစ်ပါတယ်။ သမာဓိဖြစ်မှ ရုပ်နာမ်တရားတွေရဲ့ ဖြစ်စဉ်၊ ပျက်စဉ်တွေကို သိနိုင်တဲ့ အသိညာဏ် ဖြစ်ပေါ်လာနိုင်တယ်။ ၀ိပဿနာတရားကို စနစ်တကျကောင်းစွာ အားထုတ်ခြင်းကြောင့်
(၁) လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာအစေး စိတ်အညစ်အကျေးတို့မှ ကင်းဝေးနိုင်ခြင်း။
(၂) စိုးရိမ်ပူဆွေးခြင်းမှ လွန်မြောက်နိုင်ခြင်း။
(၃) ငိုကြွေးခြင်းမှ လွန်မြောက်နိုင်ခြင်း။
(၄) ကိုယ်ဆင်းရဲတို့ ချုပ်ငြိမ်းကွယ်ပျောက်နိုင်ခြင်း။
(၅) စိတ်ဆင်းရဲတို့ ချုပ်ငြိမ်းကွယ်ပျောက်နိုင်ခြင်း။
(၆) အရိယာမဂ်၊ ဖိုလ်ကို ရနိုင်ခြင်း။
(၇) နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်းဟူသော အကျိုးတရား(၇)ပါးကို ရရှိနိုင်ကြောင်းကို မြတ်စွာဘုရားကိုယ်တိုင်
မဟာသတိပဋ္ဌာနသုတ်တော်မှာ ရဲရဲကြီးအာမခံထားပါတယ်။
ထိုသို့ ၀ိပဿနာတရားကို စနစ်တကျ လေ့လာအားထုတ်ပါလျှင် အရင်ကထက် ကိုယ်အမူအရာပိုပြီး ယဉ်ကျေးသိမ်မွေ့လာပါတယ်။ နှုတ်အပြောအဆိုတွေလဲ အရင်ကထက် ချိုသာယဉ်ကျေးလာပါတယ်။ ကြမ်းကြမ်း တမ်းတမ်း၊ ကျယ်ကျယ်လောင်လောင် မပြောတော့ပါဘူး၊ စိတ်ဓာတ်တွေလဲ မြင့်မားလာပါတယ်။ စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှုများ အရင်ကထက်ပိုပြီး ရလာပါတယ်။ ရှေးကထက် သူတစ်ပါးအပေါ်မှာ မေတ္တာပိုထားနိုင်ခြင်း၊ နားလည် ခွင့်လွတ်သည်းခံနိုင်ခြင်း၊ အရာရာတွင် သတိပိုကောင်းလာခြင်း၊ အများနှင့် လိုက်လျောညီထွေ နေထိုင်တတ်ခြင်း၊ ညဏ်ပညာများထက်မြက်လာခြင်း၊ ဒေါသထွက်တာနည်းလာခြင်း၊ ဘုရား၊ တရား၊သံဃာရတနာသုံးပါးအပေါ် ပိုမိုယုံကြည်လာခြင်း၊ မိဘ၊ ဆရာသမားတွေရဲ့ကျေးဇူးကို ပိုမိုသိမြင် နားလည်လာခြင်းစသော ကောင်းကျိုးချမ်းသာတွေကို မျက်မှောက်ကိုယ်တိုင် ရရှိနိုင်ပါတယ်။
ရုရှားသာသနာပြုဆရာတော်
၁၃/၂/၂၀၁၁